ဧရာဝတီ မိတ်ဆွေများ - The Irrawaddy Friendship

မြစ်ဝါမြစ်၏ ဆိုးဝါးလှသော အနံ့အသက်များကို မခံနိုင်သော နွားကျောင်းသားတစ်ဦး

ထို့အပြင်၊ သစ်တောပြုန်းတီးခြင်း၊ ပလပ်ထားခဲ့သော မြေများမှာ စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေများမှာ သီးနှံအထွက်ကို ဖြစ်ညှစ် ထုတ်ယူခြင်း၊ စားကျက် မြက်ခင်းများမှာ တိရစ္ဆာန်များ အလွန်အကျွံ မွေးခြင်းတို့ကြောင့် မြေဆီခန်းခြောက်မှုများ တိုး၍ ဖြစ်ပွားခဲ့သည်။
အငြင်းပွားစရာဖြစ်ခဲ့သော တိဘက် ရထားလမ်းကြောင့် မီးရထားလမ်း တလျှောက်ရှိ ယခင် ရေခဲ ခဲ့ရာ နေရာများ အရည်ပျော်သွား ကုန်ကြသည်။ ဤသို့ဖြင့် သဘာဝပတ်ဝန်းကျင်ကိုရော၊ မီးရထားလမ်း၏ တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေပါသည်။ အတွင်းမွန်ဂိုလီးယား နယ်မြေ၌ ဂိုဘီသဲကန္တာရသည် တချိန်က တိရစ္ဆာန် မွေးမြူ၍ ရခဲ့သော စားကျက်မြေများမှာ ယိုယွင်းလာသည့် အဖြစ်သို့ ရောက်အောင် တိုးကျယ်လာနေလျက်ရှိသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကုန်းမြေ၏ ၂၈  % သည် သဲကန္တာရ အဖြစ်သို့ ရောက်ပြီး ဖြစ်နေပြီး၊ နောက်ထပ် ၁၈ % က လည်း သဲကန္တာရ အဖြစ်သို့ ပြောင်းလဲနေလျက် ရှိသည်။ တရုတ်ပြည်၏ စားကျက်မြက်ခင်းမြေများ အနက် ၉ဝ % သည် အတိုင်းအတာ အမျိုးမျိုးအလိုက် ဆုတ်ယုတ်ပျက်စီး နေလျက်ရှိကာ မြေသြဇာနှင့် လယ်ယာအထွက်ကို ယုတ်လျော့ စေပါသည်။ မြစ်ညာပိုင်း ဒေသများမှ တိုက်ချလာခဲ့သော အနည်အနှစ်များက နောက်ဆုံး၌ မြစ်အကြေပိုင်းနှင့် အင်း၊ အိုင်များမှာ အနည်ထိုင်လေသည်။

ဟီနန်Henan ပြည်နယ်၌ ဒေသနေလူများက မြစ်ဝါမြစ်ကို ရှောင်ဟီ (ပူလောင်နေသော မြစ်) ဟု ခေါ်ကြသည်။ သိပ်သည်းသော အနည်အနှစ်များကြောင့် လေရှုရန် အငန်းမရ ဖြစ်နေသော ငါးများ ပွက်နေကြခြင်းကို အကြောင်းပြု၍ ဤသို့ ခေါ်ကြခြင်းဖြစ်သည်။ အနည်အနှစ်များကြောင့် မြစ်ကြမ်းပြင် မြင့်တက်ခြင်းနှင့် အင်းအိုင်များထဲရှိ ရေပမာဏ လျော့နည်းသွားခြင်းများ ဖြစ်ပွားသည်။ သဲမုန်တိုင်း များလည်း ပို၍ ကြီးလာပြီး၊ ဖြစ်ပွားမှု ပိုများလာသည်။ (၂ဝဝ၂) ခုနှစ်၊ နွေဦးပေါက် ရာသီ၌ ဘေဂျင်းမြို့တွင် ဤကဲ့သို့သော သဲမုန်တိုင်းတခု ကြောက်မက်ဖွယ်ရာ တိုက်ခတ် သွားခဲ့သည်။ (၂ဝဝ၄) ခုနှစ်ကလည်း ဤမုန်တိုင်းမျိုး နောက်ထပ်တခု တိုက်ခတ်ခဲ့ပြန်ကာ၊ နံနက်ခင်း ကောင်းကင်သည် ပြာရာမှ နီသွားခဲ့သည်။ မွန်းလွဲချိန်ရောက်တော့ မည်းသွားပြန်ခဲ့သည်။ အဝေးမြင်နိုင်စွမ်းသည် (၁ဝ) မီတာ အကွာအဝေး လောက်အထိသာ ရှိတော့သည်။ တိုင်းပြည်၏ အခြားနေရာများတွင် ဆောင်ရွက်နေကြသော မြေငလျင် ကယ်ဆယ်ရေး လုပ်ငန်းများမှာ နှောင့်နှေး ကြန့်ကြာ ခဲ့ရချေသည်။
မြစ်ကြမ်းပြင် မြင့်တက်လာသော အခါ၌ ရေကြီးမှုများ ပို၍ အဖြစ်များလာသည်။ မြစ်ဝါမြစ်၏ အခြေအနေသည် “တရုတ်ပြည်၏ ကြေကွဲစရာ” အဖြစ် ဆက်လက် ဖြစ်ပွားနေဆဲပင် ရှိသည်။ သမိုင်းတလျှောက်မှာ ရာစုနှစ်များ နှစ် အချို့ကြာ၊ ကြာပြီးမှသာ ဖြစ်ပွားလေ့ရှိသော မြစ်ဝါမြစ်၏ မြစ်ကြောင်း ပြောင်းလဲမှုသည် မကြာသေးမီ ရာစုနှစ်များမှာ ခပ်စိပ်စိပ် ဖြစ်လာခဲ့သည်။ (၁၉၉ဝ) ခု လွန်နှောင်းပိုင်းနှစ်များ အရောက်တွင် မြစ်ဝါမြစ်ရေသည် ခန်းစပြုလာခဲ့သည်။ စက်ရုံအလုပ်ရုံသုံးနှင့် လူသုံးအတွက် မြစ်ရေကို (၂) ဆင့် ထား၍ စုပ်တင်ရသည်။ ဆိုးရွားနေသော အခြေအနေမှ နေ၍ ပိုကောင်းလာအောင် ကြိုးပမ်းအားထုတ်မှုများ လုပ်ခဲ့သော်လည်း ပို၍ ဆိုးလာမြဲဆိုးလာ နေလျက်ပင် ရှိသည်။
(၁၉၉ဝ) ခု လွန်နှစ်များ အတွင်းက မြစ်ဝါမြစ်ရေ၏ ၄ဝ % ကို သောက်သုံး၍ ရခဲ့သော်လည်း (၂ဝဝ၇) ခုနှစ် အရောက်တွင် မူ (၃) ပုံ(၁) ပုံသာ သောက်သုံး၍ ရတော့သည်။ ရေကြီးလာလျှင် ပြေး၍ မလွတ်နိုင်သလို၊ မြစ်ရေကလည်း ခမ်းခြောက် လာတော့မည် သဘောရှိ နေသည်။ နေရာဒေသ အချို့မှာ ရေကြီးမှုများ ပို၍ အဖြစ်များ လာသလို၊ အခြား နေရာဒေသများမှာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲမှုများ ပို၍ အဖြစ်များလာနေလျက်ရှိသည်။
အထိမ်းအကွပ်မဲ့စွာ သဘာဝပတ်ဝန်းကျင် ယိုယွင်း ပျက်စီးနေသည်ကို ပို၍ပို၍ သတိပြုမိလာသည့် သဘောဖြင့် နိုင်ငံတော် ကောင်စီက  (၁၉၈၄) ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးရုံးကို အေဂျင်စီအဆင့်သို့ တိုးမြှင့် လိုက်ပြီး၊ ထိုမှတဖန် (၁၉၈၈) ခုနှစ်တွင် နိုင်ငံတော် သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အေဂျင်စီ  (SEPA) အဖြစ်သို့ တိုးမြှင့်ခဲ့သည်။ ထို့အပြင် (၁၉၈၈) ခုနှစ်မှာပင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံမှတ်ချက်များကို နယ်ပယ် (၅) ခုတွင် စတင် ကျင့်သုံးခဲ့သည်။ ၄င်းနယ်ပယ် (၅) ခုမှာ လေညစ်ညမ်းမှု၊ ရေညစ်ညမ်းမှု၊ အသံညစ်ညမ်းမှု၊ ထုထည်ရှိသော အညစ်အကြေးများ ပြန်လည် သန့်စင် အသုံးပြုမှုနှင့် စွန့်ပစ်မှု၊ “မြို့ပြ စိမ်းလန်းစို ပြည်ရေး” ဆောင်ရွက်မှုတို့ ဖြစ်သည်။ ဤစံသတ်မှတ်ချက်များကို မြို့ကြီးပေါင်း (၃၂) မြို့မှာ ကျင့်သုံးခဲ့သည်။ ထိုမြို့ကြီးများရှိ အာဏာပိုင်များ၏ တနှစ်တာ လုပ်ငန်း ဆောင်ရွက်မှုကို အကဲဖြတ်ရာ၌ အဆိုပါ နယ်ပယ် (၅) ခု အတွင်း ဆောင်ရွက်မှု များကို ထည့်သွင်း စဉ်းစားမည်ဖြစ်ကြောင်း သတိပေးထားသည်။ တကယ့် လက်တွေ့၌မူ လုပ်ငန်း ဆောင်ရွက်မှု ရလဒ်များကို လိမ်ညာဖေါ်ပြ၍ လွယ်ကြောင်း တွေ့ရှိရသည်။ (၂ဝဝ၆) ခုနှစ် အကုန်မှာ ထုတ်ပြန်ခဲ့သော (SEPA) ၏ အစီရင်ခံစာ၌ ဖေါ်ပြထားသည်မှာ ဓါတ်ငွေ့ ထုတ်လွှတ်မှုကို ၂ % လျှော့ချခဲ့သည်ဟု နယ်မြေဒေသဆိုင်ရာ အချက် အလက်များက ဖေါ်ပြထားသော်လည်း၊ အမှန်တကယ်၌ ဓါတ်ငွေ့ထုတ်လွှတ်မှုသည် ၂ % တိုးခဲ့သည်ဟူ၍ ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ဗြူရိုအဖွဲ့၏ လုပ်ငန်းနယ်ပယ် တိုးချဲ့ရေး၊ ဝန်ကြီးဌာနများ၊ အဆင့်ဆင့်သော အစိုးရဌာနများ အတွင်းမှာ တာဝန် ခွဲဝေမှု ရှင်းရှင်လင်းလင်း ပြတ်ပြတ်သားသား ရှိရေးတို့အတွက် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည်။ (၂ဝဝ၂) ခုနှစ်တွင် ဘေဂျင်းသည် ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေးဆိုင်ရာ တိုကျိုသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ ရေထိန်းသိမ်းမှုအတွက် ရည်ရွယ်သော ပြည်တွင်းဥပဒေသစ် တရပ်ကို ပြဌာန်းခဲ့သည်။ ထို့အပြင် ညစ်ညမ်းမှု၊ စွမ်းအင်သုံးစွဲမှု၊ ပြန်လည်သန့်စင် အသုံးပြုမှုတို့နှင့် ဆိုင်သော စည်းမျဉ်း စည်းကမ်းသစ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ ဤသို့လုပ်ခြင်းကြောင့် မည်မျှကောင်းလာမည်နည်း ဆိုသည်ကိုမူ စောင့်ကြည့် ရပေဦးမည်။ ဗဟို အစိုးရ၏ စည်းမျဉ်းစည်းကမ်းများ အာဏာတည်အောင် တာဝန်ယူ ဆောင်ရွက်ပေးရသော နယ်မြေဒေသ ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့များသည် ဝန်ထမ်း မလုံမလောက် ဖြစ်နေသည့်အပြင်၊ မိမိတို့ စည်းကမ်းကွပ်ညှပ်ရမည့် စက်မှု လုပ်ငန်း များနှင့်လည်း မကင်းရာ၊ မကင်းကြောင်း အဆက်အဆံ ရှိနေတတ်ကြသည်။ နယ်မြေဒေသဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ဗြူရိုအဖွဲ့ များထက် အုပ်ချုပ်ရေး အာဏာ ပိုမြင့်သော အစိုးရပိုင် စက်ရုံအလုပ်ရုံများသည် သတိပေးချက် များကို အရေးမစိုက်ဘဲ နေသာကြသည်။ ညစ်ညမ်းမှုကို အဆိုးရွားဆုံး ဖြစ်ပွားစေသူများအနက် အများစုသည် အမှန်တကယ် လုပ်ငန်း အပိတ်ခံ ရစရာမရှိ (သို့မဟုတ်) ကြီးလေးစွာ အပြစ်ပေး ခံရစရာ မရှိသော နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ဖြစ်သည်။ နယ်မြေအာဏာပိုင်များက ညစ်ညမ်းမှု ဖြစ်စေသော စက်မှုလုပ်ငန်း များကို အကာအကွယ် ပေးခြင်းများ ရှိတတ်သည်။ အကြောင်းမှာ ဤလုပ်ငန်းများက အခွန်တော် ဝင်ငွေကို ဖြည်တင်းပေးသည့်အပြင်၊ အလုပ် နေရာလည်း ပေးသောကြောင့်ဖြစ်သည်။
စက်ရုံအလုပ်ရုံ အတော်များများက ဒဏ်ရိုက် ခံရခြင်းအတွက် ကုန်ကျငွေကို ထုတ်လုပ်ရေး ကုန်ကျစားရိတ်ထဲ ထည့်သွင်း ကြသည်။ ညစ်ညမ်းမှု ထိန်းချုပ်ရေး စွမ်းအားကိုတော့မူ တိုးတက်အောင် မလုပ်ကြချေ။ အချို့ကမူ စည်းမျဉ်း စည်းကမ်း များကို အလွယ် လျစ်လျူရှု ထားလိုက်ကြသည်။ လိုက်နာရေးအတွက် ကုန်ကျစားရိတ် ကြီးလေး လွန်းလှသည်ဟု ဆင်ခြေ ပေးကြသည်။ ထို့အပြင် ဖမ်းမိခံရမည့် အန္တရာယ်ကလည်း နည်းလေသည်။ ရေတို အမြတ်အစွန်းနှင့် ရုပ်ဝတ္ထု အကျိုး ကျေးဇူးတို့မှာ စိတ်ဝင်စားမှုက သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ခြင်းထက် အပုံကြီး သာလွန်နေလေသည်။ တရုတ်ပြည်သည် စွမ်းအင် ထိရောက်စွာ သုံးစွဲရေး (၅) နှစ် စီမံကိန်း၏ ပထမနှစ် ဖြစ်သော (၂ဝဝ၆) ခုနှစ်၏ ရည်မှန်း သတ်မှတ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဟူ၍  အာဏာပိုင်များအတွင်းမှ ညည်းညူသံ ထွက်ပေါ်လာခဲ့သည်။ တရုတ်ပြည်၏ ကျွမ်းကျင်သူ ပညာရှင် အုပ်စုတစုက ပြုစုခဲ့သော “တရုတ်ပြည် ခေတ်မှီတည် ဆောက်ရေး အစီရင်ခံစာ (၂ဝဝ၇) Chinese Modernization Report 2007 တွင် သဘာဝ ပတ်ဝန်းကျင်အရေး ကိစ္စ ဆောင်ရွက်ရာ၌ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံပေါင်း (၁၁၈) နိုင်ငံအနက် တရုတ်ပြည်ကို နံပါတ် (၁ဝဝ) အဖြစ် သတ်မှတ် ထားခဲ့သည်။

နိုင်ငံတော် သဘာဝ ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီ (SEPA) ကို ဝန်ကြီးဌာန အဆင့်သို့ တိုးမြှင့်ရေး တောင်းဆိုသံ များသည် (၂ဝဝ၇) ခုနှစ်တွင် ခါတိုင်းထက် ပို၍ ကျယ်ကျယ်လောင်လောင် ပေါ်ထွက် လာခဲ့ခြင်းသည် ဤပြဿနာများကို ပြတ်ပြတ် သားသား ဖြေရှင်းမည်ဟူသော စိတ်များ တိုးပွား လာနေလျက်ရှိကြောင်း ဖေါ်ပြ လိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန အဆင့်သို့ မရောက် သေးဘဲနှင့်ပင်  SEPA သည် ပို၍ လှုပ်ရှားလာခဲ့သည်။ (၂ဝဝ၇) ခုနှစ် အစောပိုင်း၌ တိုင်းပြည်ရှိ ထိပ်တန်း လျှပ်စစ်ဓါတ်အား ပေးရေး ကုမ္ပဏီများနှင့် နယ်မြေဒေသဆိုင်ရာ အစိုးရများ၏ စီမံကိန်း အသစ်များသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စံသတ်မှတ်ချက် များနှင့် မပြည့်မီသည့်အတွက် SEPA က အားလုံးကို အတည်ပြုချက် မပေးဘဲ ဆိုင်းငံ့ ထားခဲ့သည်။ ယခင်က ဤကုမ္ပဏီများနှင့် လုပ်ငန်းများ ကို မည်သူမျှ ထိဝံ့ခဲ့သည် မဟုတ်ချေ။
(ဆက်လက် ဖေါ်ပြပါမည်)
မောင်မောင်သန်း (၂၅၊ ၉၊ ၂ဝ၁၁)

အပိုင်း(၁)နှင့်(၂) ကိုလည်း မူရင်း မောက္ခ ၀က်ဘ်ဆိုက်ဒ်မှာ ဖတ်ရှု့နိုင်ပါတယ်။

FaceBook posted by Save Irrawaddy ( ဧရာဝတီကိုထာဝရရှင်သန်လိုသူများ) on Monday, September 26, 2011 at 8:48am

Leave a Reply